အသက်မပြည့်သေးသည့် အမျိုးသမီးငယ်ကို မူးယစ်ဆေးဝါး သယ်ဆောင်စေခိုင်းခဲ့သူအား ရဲတပ်ဖွဲ့မှဖမ်းဆီး(မော်ကျွန်း)

🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒
မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်
(မော်ကျွန်း) / ဩဂုတ် ၇ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် စက်ဘီး စီးနင်းလာသူ အမျိုးသမီး ငယ်တစ်ဦးအား မသင်္ကာ၍ စစ်ဆေး ရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စေခိုင်းသူကိုပါ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ် စိုးလွင်နှင့်အဖွဲ့ မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ် ဆေးဝါး သယ်ဆောင်လာကြောင်းသတင်းအရ ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်ကျွန်းမြို့၊ မြို့မ(၃)ရပ်ကွက်၊ စွယ်တော်လမ်းနှင့် နံသာဖြူလမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် စက်ဘီးစီးနင်းလာသူ မစုစုခိုင်(ခ)စုလှိုင်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ ၎င်းလက်အတွင်း ကိုင်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား(၂၅)ပြား၊ အလေးချိန်(၂.၅)ဂရမ်ခန့်၊ ကာလတန်ဖိုးငွေ(၇၅၀၀၀ိ/-)ခန့်အားရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယခုအချိန်တွင် မစုစုခိုင်(ခ) စုလှိုင်မှာ အသက်(၁၄) နှစ်သာ ရှိသေးပြီး မိသားစုမွေးချင်း(၉) ရောက်ရှိကာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်"။
မစုစုခိုင်(ခ) စုလှိုင်အား ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်ရာမှ ဦးသန်းလှိုင်(ဘ)ဦးမောင်မြ ဆိုသူမှ ရောင်းခိုင်းသဖြင့် သယ်ယူလာခြင်းဖြစ်ကြောင်းသိရှိရသဖြင့် မစုခိုင်(ခ)စုလှိုင်နှင့် ဦးသန်းလှိုင်တို့ (၂)ဦးအား မော်လမြိုင်ကျွန်းမြို့မရဲစခန်း မယ(ပ)၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ(၁၅/၁၆(ဂ)/၂၀/၂၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ပြီး ဦးသန်းလှိုင်(ခ) မြမောင်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သယ်ဆောင်လာသူ အမျိုးသမီးငယ်အား အမှုဖွင့်ပြီး နာရီပိုင်း အတွင်း ဦးသန်းလှိုင်(ဘ)ဦးမောင်မြ ၏ နေအိမ်အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ ရဲအုပ် အေးလွင်အောင်နှင့်အဖွဲ့၊ လပွတ္တာခရိုင်မှုခင်းနှိမ်နှင်ရေးဌာနမှ ရဲအုပ်ငွေစိုးနှင့်အဖွဲ့၊ မော်လမြိုင်ကျွန်းမြို့မ ရဲစခန်းမှ ရဲအုပ်သန်းနိုင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧရာဝတီတိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(ပ) (ဦး/ရေး/ထောက်)၏ မူးယစ်ဆေးဝါးဝင်ရောက် ရှာဖွေခွင့်ဝရမ်း အမှတ် (၂/၂၀၁၇)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား(၅၅၃)ပြား၊ အလေးချိန်(၅၅.၃) ဂရမ်ခန့်၊ ကာလတန်ဖိုးငွေ (၁၆၅၉၀၀၀ိ/-)ခန့်၊ ဆေးခြောက် အလေးချိန်(၂.၅)ဂရမ်ခန့်၊ ကာလတန်ဖိုးငွေ(၈၀၀၀ိ/-)ခန့်၊ အခြားသက်သေခံ ပစ္စည်းများ၊ မူးယစ်ဆေးဝါး ရောင်းချရာမှရ ရှိငွေ(၃၃၀၀၀၀ိ/-)တို့အား တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိသိုလှောင် ဖြန့်ဖြူးရောင်းချသူ သန်းလှိုင်အား မော်လမြိုင်ကျွန်း မြို့မ ရဲစခန်းမှ မယ(ပ)၂/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သောဆေးဝါးများ ဥပဒေ ပုဒဒ်မ(၁၅/၁၉(က)/၂၀(က)/၂၂(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့
#AyeyarwaddyTimes

Comments
Post a Comment