အင်တာမီလန် ယူ၁၈ ၊ ထိုင်း ယူ၁၉ အသင်းများနှင့် မြန်မာ ယူ၁၈ အသင်း ခြေစမ်းပွဲများ ကစားမည်

==================================================
စက်တင်ဘာလ အတွင်း ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF U-18 Championship 2017 ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေသည့် ပဏာမ မြန်မာ ယူ-၁၈ အသင်းသည် အင်တာမီလန် ယူ-၁၈ အသင်းနှင့်ခြေစမ်းပွဲများအား သြဂုတ်လ (၁၁) ရက်နှင့် (၁၃) ရက် တို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မူလက အဆိုပါခြေစမ်းပွဲ (၂) ပွဲ အနက် တစ်ပွဲကို မြန်မာ ယူ-၂၃ အသင်းနှင့် ကစားရန် စီစဉ်ထားသော်လည်း ဆီးဂိမ်းပြိုင်ပွဲကစားရမည့်နေ့နှင့် လွန်စွာနီးကပ်နေသဖြင့် ပဏာမ မြန်မာ ယူ-၁၈ အသင်းနှင့်သာ ခြေစမ်းပွဲ (၂) ပွဲလုံး ကစားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲ (၂) ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ညနေ (၆) နာရီ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ထို့အပြင် ပဏာမ မြန်မာ ယူ-၁၈ အသင်းသည် နောက်ထပ်ပြင်ဆင်မှုတစ်ရပ်အနေဖြင့် သြဂုတ်လ (၂၇) ရက်နေ့တွင် ထိုင်းလက်ရွေးစင် ယူ-၁၉ အသင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားမည်ဖြစ်သည်။
ပဏာမ မြန်မာ ယူ-၁၈ အသင်းသည် ဖီးနစ်(စ်) အမည်ဖြင့် မြန်မာနေရှင်နယ်လိဂ် (၂) ပြိုင်ပွဲများတွင် ၀င်ရောင်ယှဉ်ပြိုင်ခဲ့သော အသင်းဖြစ်ပြီး ယခု ဇူလိုင်လ (၃၀) ရက်မှ စတင်ကာ Goal Hotel ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ အသင်းအား အုပ်ချုပ်သူ (မန်နေဂျာ)အဖြစ် ဦးမိုးဝေအောင်မှ တာဝန်ယူထားပြီး နည်းပြချုပ်အဖြစ် ပြင်သစ်လူမျိုး မစ္စတာရာဘာ့(ရှ်) ဘန်လာဘီက လေ့ကျင့်ပေးလျက်ရှိသည်။

Comments
Post a Comment